Tuesday, January 31, 2012

ကူးတို့ဆိပ်ရပ်ကွက် မီးဘေးသင့်နေအိမ်များအား တစ်အိမ် မီးငါးပွင့်နှင့် မီတာပုံးများ တပ်ဆင်ပေးနေ


Share

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မီးဘေးသင့်ပြီး ပျက်စီးခဲ့သော နေအိမ်အလုံး ၉ဝ ကျော်တို့ကို ၁၅-၁-၂ဝ၁၂ ရက်မှစ၍ မီတာပုံးများ တပ်ဆင်ပေးခဲ့ရာ ၁၆-၁-၂ဝ၁၂ ရက်တွင် အလုံး ၂ဝ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ တပ်ဆင်ပေးရာတွင် စေတနာရှင်များ လှူဒါန်းထားသော လှူဒါန်းငွေများထဲမှ အသုံးပြုရန် တပ်ဆင်ပေးခြင်းဖြစ်ပြီး တစ်အိမ်လျှင် မီးငါးပွင့် တပ်ဆင်ပေးခြင်းဖြစ်သည်။ ''လက်ရှိ မီးရရှိရေးအတွက် လုံးပန်းနေပါတယ်။ ၁၅ ရက်ကစပြီး မီတာပုံးတွေ အမြန်စပြီး မီတာပုံးတွေ တပ်နေတယ်။ တစ်နေ့ ၁ဝ လုံးနှုန်းလောက် တပ်ဆင်ပေးနေတယ်။ မီတာဘောက်စ်က အသစ်၊ တစ်အိမ် မီးငါးပွင့်နဲ့ ခလုတ်၊ မီးကြိုးအားလုံး အပြီးအစီး တပ်ဆင်ပေးတာပါ''ဟု ကူးတို့ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မီးဘေးကြောင့် ပြိုကျပျက်စီးသောအိမ်ခြေ အလုံး ၉ဝ ရှိပြီး မီးဘေးသင့် အိမ်ထောင်စု ၁၂၃ စုရှိကြောင်း၊ ပြိုကျ ပျက်စီးအိမ်များ ပြန်လည်တည်ဆောက်ရန် လှူဒါန်းငွေများမှ တစ်အိမ် ကျပ်ခုနစ်သိန်း ချထားပေးကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ ပိတ်ထားပြီး နောက်လာရောက်လှူဒါန်းသူ ၁၅ ဦးခန့် ရှိကြောင်း သိရသည်။
''လာလှူတဲ့ အဝတ်အစား ပစ္စည်းတွေကို ဓမ္မာရုံထဲ ထည့်ထားပြီးတော့ ရပ်ကွက်သာရေး နာရေးအဖွဲ့က ပြန်လည်ခွဲဝေပေးပါတယ်။ အလှူငွေက အိမ်ထောင်စု ၁၂၃ စုစာ လုံလောက်ရင် ကိုယ်တိုင်ပေးအပ်နိုင်ပါတယ်။ ခွဲလို့မရရင် ဓမ္မာရုံ ပြန်လည် တည်ဆောက်ဖို့ တစ်ရပ်ကွက်လုံး သဘောတူညီချက်နဲ့ လှူပါတယ်'' ဟုဆိုသည်။အဆိုပါဓမ္မာရုံ ပြန်လည်တည်ဆောက် ရန်အတွက် ကျပ်သိန်း ၂ဝဝကျော် ကုန်ကျမည်ဖြစ်ပြီး နိုင်ငံတော်က ကျပ်၁ဝသိန်း ပါဝင်လှူထားပြီးဖြစ်ကြောင်း၊ စုစုသိန်း အလှူငွေ ကျပ် ၂၅ သိန်း ရပြီဖြစ်ကြောင်း သိရသည်။

Source: စွယ်စုံမီဒီယာဂရုပ်

မီတာထိန်းသိမ်းခဖြင့် လျှပ်စစ်ဆိုင်ရာထိန်းသိမ်းပြုပြင်မှုများပြုလုပ်ရဟုဆို

ဝင်းကိုကိုလတ်
မြန်မာတိုင်း(မ်း) အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
အများပြည်သူက မကျေမနပ်ဖြင့် ဝေဖန်နေသည့် တစ်လလျှင် ကျပ် ၁,၀၀၀ ကောက်ခံနေသည့် လျှပ်စစ်မီတာ ထိန်းသိမ်း စောင့်ရှောက်ခမှာ နိုင်ငံတကာတွင် လည်းကောက်ခံလေ့ရှိသည့် မီတာငှားရမ်းခကို ကောက်ခံခြင်းသာဖြစ်သည်ဟု အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၁၉ ရက်က ပြောကြားသည်။
"လျှပ်စစ်မီတာက ရောင်းထားတာ မဟုတ်ဘဲ ငှားရမ်းထားတာဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း Rent Fee ငှားရမ်းခ ပေးရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Rent Fee အစား ပြေစာမှာ မီတာထိန်းသိမ်းစောင့် ရှောက်ခအနေနဲ့ ရေးသား ကောက်ခံ ပါတယ်" ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီတာသည် ရောင်းချသည့် သဘောမဟုတ်ဘဲ ငှားရမ်းသည့် သဘောဖြစ်သည့်အတွက် အိမ်ရှင်၏ အမည်ပေါက် ပေးထား သော်လည်း နေရာပြောင်းခြင်း၊ ရောင်းချခြင်းလုပ်ဆောင်၍ မရကြောင်း ၎င်းကပြောသည်။
လျှပ်စစ်မီတာ စောင့်ရှောက်ခပေးရသော ငွေမှမီးသုံးသူ၏ ပယောဂကြောင့် မဟုတ်ဘဲ မီတာများပျက်စီးခြင်း (ရေကြီးမှု၊ မီးလောင်မှု) စသည့်သဘာဝ ဘေးအန္တရာယ်များနှင့် နှစ်ကြာမီတာများအား မီတာအသစ်ဖိုးမတောင်းဘဲ အစားထိုးတပ် ဆင်ပေးခြင်း၊ ယင်းမီတာသို့ ဓာတ်အားပို့လွှတ်သော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွရုံများ၊ ထရန်စဖော်မာများ ထိန်းသိမ်းခြင်း၊ ပျက်စီးမှုများအတွက် ပြင် ဆင်ခြင်း၊ ဗို့အားကျမှု ဖြစ်ပေါ်သော၊ ၀န်အားမနိုင်သည့် ထရန် စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်း တို့အတွက် အသုံးပြုသည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်း၊ ရှမ်းပြည်နယ် တာလေငလျင်၊ မကွေးတိုင်း ဒေသကြီးအတွင်းရေကြီးမှုများ၊ မန္တလေး တိုင်း ဒေသကြီးအတွင်း လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းများကြောင့် ဓာတ်တိုင်၊ ဓာတ်ကြိုး၊ မီတာများပျက်စီးခဲ့ခြင်းများ ရှိခဲ့ရာတွင် အစားထိုးတပ်ဆင် ပေးခြင်းများကဲ့သို့ဖြစ်သည်ဟု ၎င်းကပြောသည်။

လျှပ်စစ်မီတာဘီလ်ကို အွန်လိုင်းစနစ်ဖြင့် စမ်းသပ်ကောက်ခံ

မြို့နယ်လျှပ်စစ်မီတာရုံးများ၌ လူကိုယ်တိုင်သွားရောက်ပေးဆောင်နေရသည့် အိမ်သုံးလျှပ်စစ်မီတာခများကို အွန်လိုင်းစနစ်ဖြင့် စမ်းသပ်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ ဌာနမှူးဦးအောင်စုံမြတ်က ပြောသည်။ နေပြည်တော်ရှိ အိမ်သုံးလျှပ်စစ်မီတာခများကို အွန်လိုင်းစနစ်ဖြင့် စတင်ပေးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များကို ဒုတိယအစီစဉ်ဖြင့် ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။ အွန်လိုင်း လျှပ်စစ်မီတာခပေးဆောင်ခြင်းကို အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်တွင်းဘဏ်များက ပူးပေါင်းထားကြောင်း သိရသည်။ ရတနာပုံဝက်ဘ်ပေါ်တယ် သည်အွန်လိုင်းအသုံးပြု တယ်လီဖုန်းဘီလ် ပေးဆောင်ခြင်းကို မြန်မာ့ဆက်သွယ်ရေး၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းဘဏ် ၁၁ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အွန်လိုင်းလျှပ်စစ်မီတာခပေးဆောင်ခြင်း စနစ်ကိုလည်း စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ရတနာပုံဝက်ဘ်ပေါ်၏ အစီအစဉ်အရ ဈေးဝယ်စင်တာများနှင့် စူပါမားကက် များ၏ အွန်လိုင်းအသုံးပြု၍ ငွေပေးချေနိုင်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်စံမြတ်က ပြောသည်။ တယ်လီဖုန်းဘီလ်အပါအဝင် အခွန်အခများကို အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရန် စီစဉ်ရခြင်းသည် အများပြည်သူအတွက် အချိန်ကုန်၊ ငွေကုန်သက်သာစေရန်  ရည်ရွယ်ထားခြင်းဖြစ်ပြီး e government လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ပပျောက်လာစေရန်ကိုလည်း အွန်လိုင်း အခွန်အခပေးဆောင်သည့် စနစ်က အထောက်အပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြာထားပါသည်။ 

ခေတ်လူငယ် မှ ကူးယူဖေါ်ပြသည်