By Popular News
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ်၌ လျှပ်စစ်ဝါယာရှော့ခ်ကြောင့်
ဖြစ်ပွားသော မီးလောင်မှုမှာ ယခင်နှစ်က ဖြစ်ပွားခဲ့သော မီးလောင်မှု
အကြိမ်အရေအတွက်ထက် ပိုမိုလာခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယမန်နှစ် နိုဝင်ဘာလကုန်အထိ
လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ဖြစ်ပွားသည့် မီးလောင်မှု ၂၁ ကြိမ်သာ
ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင်မူ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ
ဝါယာရှော့ခ်ကြောင့် ဖြစ်ပွားသည့် မီးလောင်မှု ၃၆ ကြိမ် ရှိခဲ့သည်။ ထိုသို့
လျှပ်စစ်ဝါယာရှော့ခ်ကြောင့် အိမ် ၁၁ လုံး ပျက်စီးကာ ငွေကျပ်သန်းပေါင်း
၇၄၂၄၀၀၀၀ ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖြစ်ပွားသည့် မီးလောင်မှုမှာ
လျှပ်စစ်အသုံးပြုသူများ၏ ပေါ့ဆမှုနှင့်အတူ အရည်အသွေး မပြည့်မီသော
လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများအား
အသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “လက်ရှိ အိမ်အများစုမှာက
ဝါယာကြိုးတွေ ပေါက်ပြဲနေတာကို ပြင်ဆင်လဲလှယ်ခြင်း မပြုတာတို့
နေအိမ်မီးလိုင်း တပ်ဆင်တဲ့အခါမှာ ပုံမှန်တပ်ဆင်ရမယ့် ဝါယာကြိုးတွေအစား
ဈေးပေါပြီး အရည်အသွေး မကောင်းတဲ့ ဝါယာကြိုးတွေနဲ့ အစားထိုး လဲလှယ်တပ်ဆင်
အသုံးပြုတာတို့ကြောင့်လည်း Overload ဖြစ်ပြီး မီးလောင်တာတွေလည်း ရှိတယ်။
ဒါ့အပြင် မီးဖို မီးခလုတ်တွေကိုလည်း ပုံမှန်စစ်ဆေးဖို့ကိုလည်း လူတိုင်းက မေ့နေကြတယ်။ မီးဖို မီးခလုတ်တွေက သုံးစွဲတာ ကြာလာတာနဲ့အမျှ အထဲမှာ ဖုန်မှုန့်တွေ၊ ရေမှုန်တွေ ကပ်ငြိပြီး မီးဖိုပလပ်ထိုးတဲ့အခါ ရုတ်တရက် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်နိုင်တယ်။ ဝါယာရှော့ခ်ကြောင့် မီးလောင်မှု မဖြစ်အောင် နေအိမ်တိုင်းမှာ လျှပ်စစ်အဝင်လိုင်းနဲ့ အထွက်လိုင်း တစ်ခုစီပါတဲ့ မိန်းတစ်ခုစီ တပ်သင့်တယ်။ ဒါမှ အပြင်သွားတဲ့အခါ ဒီမိန်းခလုတ်ကို ချသွားရင် ဝါယာရှော့ခ်ဖြစ်တဲ့ မီးလောင်မှု လျော့နည်းသွားစေနိုင်တယ်။ ဒါ့အပြင် နေအိမ်တွေမှာ မကြာခဏ ဖြူးစ်ပျက်တာမျိုးနဲ့ ကြုံရင်လည်း ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်နိုင်တဲ့ အခွင့်အလမ်း ပိုများတဲ့အတွက် နေအိမ်အတွင်းမှာရှိတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို စစ်ဆေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။ လူနေအိမ်များ ဆောက်လုပ်၍ မီးလိုင်းများ တပ်ဆင်ရာ၌ ဝါယာရှော့ခ်ကြောင့် မီးလောင်မှုများ မဖြစ်စေရန်အတွက် ကျွမ်းကျင် လျှပ်စစ်ပညာရှင်များ၏ အကူအညီကို ရယူ၍ တပ်ဆင်သင့်သည့်အပြင် နေအိမ်တည်ဆောက်မှု ပြီးစီးသွားပါက အခြားနိုင်ငံများနည်းတူ လျှပ်စစ်ဘေးအန္တရာယ် လုံခြုံစိတ်ချရမှု ရှိမရှိအား မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ စစ်ဆေးအကြံပြုချက်များ ပေးသင့်ကြောင်း အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်က အကြံပြုပြောသည်။