ဇန်နဝါရီလဆန်းမှစ၍ လျှပ်စစ်မီတာခများအား ယခုထက် ပိုများသော
နှုန်းထားအသစ်ဖြင့် သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ
ဓာတ်အားခများ တိုးမြှင့် ကောက်ခံခြင်းအား ၂၀၁၂ ခုနှစ် ဇန်နဝါရီ လဆန်းမှစ၍
သတ်မှတ်မည်ဖြစ်ကာ အိမ်သုံးမီတာများအား တစ်ယူနစ်လျှင် (၅၀) ကျပ်
အဖြစ်လည်းကောင်း၊ လုပ်ငန်းသုံး မီတာများအား တစ်ယူနစ်လျှင် (၁၀၀) ကျပ်
အဖြစ်လည်းကောင်း တိုးမြှင့် သတ်မှတ်သွားမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့
ကောက်ခံရခြင်းမှာ အစိုးရ၏ အရှုံးအား ကာမိသွားစေရန်အတွက် ဖြစ်ကြောင်းလည်း
သိရသည်။ ယင်းကဲ့သို့ မီတာခများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် ပတ်သတ်၍
လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများက အောက်ပါအတိုင်း သုံးသပ်
ပြောကြားခဲ့ကြသည်။
ဦးကြည်မြင့် (လသာ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
“ကျွန်တော့်အနေနဲ့ အမှန်အတိုင်းပြောရင် ဒီလိုမျိုး ဓာတ်အားသုံးစွဲခတွေ တိုးမြင့်သွားတာ လုံးဝမကြိုက်ဘူး။ သူတို့ ပြောတာတော့ အာဆီယံမှာရော ကမ္ဘာမှာပါ ဒီလို နှုန်းထားတွေ ဖြစ်နေတာပါပဲ။ တစ်ပြေးညီ သတ်မှတ်လိုက်တဲ့ သဘောပါပဲတဲ့။ ဒါဟာ ပြောရင်တော့ ပြည်သူတွေရဲ့ ဝင်ငွေအချိုးကို ကြည့်ရပါမယ်။ ပြည်သူတွေရဲ့ ဝင်ငွေကို တိုးတက်အောင် သတ်မှတ် ဆောင်ရွက်ပြီးမှသာ အခုလိုမျိုး တိုးသင့်ပါတယ်။ လျှပ်စစ်ဓာတ်အားဆိုတာ ပြည်သူတွေအတွက် သာမက လုံခြုံရေး၊ ဆေးရုံ၊ ဆေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီလိုအရေးကြီးတဲ့ လျှပ်စ်မီးတွေကို အစိုးရကနေ အရှုံးခံပြီး ဆောင်ရွက်ပေးနေတယ်။ နိုင်ငံတကာအရဆိုရင် နိုင်ငတကာမှာ ပြည်သူအတွက် အရှုံးခံ လုပ်ပေးနေတဲ့ကိစ္စ ဖြစ်ပါတယ်”
ဒေါက်တာညိုညိုသင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“ဒီလိုကိစ္စတွေမှာ ပြည်သူတွေရဲ့ တုံ့ပြန်ချက်အမှန်တွေကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားတင်ပြပေးရမယ့် ကိစ္စမျိုးဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလဲ လူထုသက်သာ ချောင်ချိရေးအတွက် စဉ်းစား ဆောင်ရွက်ပေးသင့်တယ်။ ဒီလိုတွေကြောင့် ဆက်ဖြစ်နိုင်တာက အလွဲသုံးစားမှုတွေပဲ။ ဘာလို့လဲဆိုတော့ အရင် တစ်သိန်းဆောင်ရတဲ့ လုပ်ငန်းရှင်တွေက အခု သုံးသိန်းကျတော့မယ်ဆိုရင် အောက်ခြေ ဝန်ထမ်းနဲ့ နားလည်မှုယူပြီး ဝန်ထမ်းကို ငါးသောင်းလောက်ပေးပြီး ပုံမှန်အတိုင်း ဆောင်တာမျိုးတွေပေါ့။ အခုအချိန်မှာ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ ဥပဒေလဲ မပေါ်ပေါက်သေးဘူးလေ။ ဒီလိုတွေ ဖြစ်လာမယ်ဆိုရင် ပြည်သူ့ဘဏ္ဍာငွေတွေ အရမ်းဆုံးရှုံးမှု ဖြစ်လာနိုင်တယ်”
ဦးမြတ်သင်းအောင် (စီးပွားရေးလုပ်ငန်းရှင်)
“အိမ်နီးချင်း နိုင်ငံတွေက လျှပ်စစ်ဓာတ်အား သုံးစွဲခတွေ ကောက်ခံနေတာကတော့ တစ်ယူနစ်ကို (၇) ဆင့် (၈) ဆင့်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ မြန်မာငွေနဲ့ဆို (၅၀) ကျော်ပေါ့။ ဒါတောင် သူတို့က အရမ်းဈေးကြီးတဲ့ ဂက်စ်ကနေ ပေးနေတာ။ ဟိုက်ဒရိုဆိုရင် ဖရီးရတယ်လေ။ အခု မြန်မာနိုင်ငံမှာ ကောက်ခံမယ့်နှုန်းက နည်းနည်း ပိုများနေတယ်။ အာဆီယံ နိုင်ငံတွေထက်ကို များနေတယ်။ ဆင့်နဲ့တွက်ရင် (၁၂) ဆင့်ခွဲလောက် ဖြစ်နေတယ်။ မြန်မာနိုင်ငံက ပေးတာက ရေအားလျှပ်စစ်က ပေးနေတာ များတယ်။ ပြောရင်တော့ အာဆီယံနိုင်ငံတွေထက် လုံးဝ မများသင့်ဘူး။ လုပ်ငန်းတွေမှာ ဒီလိုဝန်တွေ ပိုပိပြီး များလာတာနဲ့အမျှ သုံးစွဲသူတွေလက်ထဲ အရောက်ဆိုရင် ဈေးတွေ ပိုများလာနိုင်မယ်။ ပြည်တွင်းကဈေး ပြည်ပက သွင်းလာတာနဲ့ ဈေးတွေမကွာဘူးဆိုရင် ပြည်ပက ပစ္စည်းတွေ အစားဝင်လာမှာပေါ့။ နှစ်ဆင့်လောက် ခုန်တက်တာမျိုးထက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားသင့်တယ်။
ဒေါ်မိုးမိုးအောင် (မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦး)
“အိမ်မှာ မီတာသုံးတာဆိုရင် အဝတ်လျှော်စက်၊ လျှပ်စ်မီးဖို သုံးတယ်။ ဒီအတွက် တစ်လကို မီတာခ ၇၀၀၀ ကနေ ၁၀၀၀၀ ကြား အမြဲကျနေတာ ပုံမှန် ၈၀၀၀ ပဲထားဦး၊ နှစ်ဆဆိုရင် ၁၆၀၀၀ တစ်လ အဲဒီလောက်တော့ မဆောင်နိုင်ဘူး လုံးဝ မသုံးပဲ နေရမလို ဖြစ်နေပြီ။ ပြီးတော့ မီတာခ တိုးတဲ့သူတွေ ပြောသလိုမျိုး မီးအားသက်သာတာတွေ ပြောင်းသုံး၊ ပြောင်းတပ်ရအောင်လဲ ကျွန်မတို့လို လူတွေက အဲ့ဒီလောက် အပိုဝင်ငွေတွေ ရှိနေသေးတာ မဟုတ်ဘူး။ ဒီလို မီတာခတွေ တတ်မယ်ဆိုရင်တော့ လုံးဝ အဆင်မပြေနိုင်ဘူး”
သဲစုလှိုင်

No comments:
Post a Comment